

Bishop Felix Celebrates Mass on the World Day of Consecrated Life at Don Bosco Youth Centre, Kalaymyo (2.2.2026)
The Homily is as Follows:
The Presentation of the Lord (World Day for Consecrated Life)
Date – 2nd Feb, 2026
Place – Salesians of Don Bosco
ဒီကနေ့ အားလုံးကို Happy World Day for Consecrated Life လို့ ဦးစွာ နှုတ်ဆက်ပါရစေ။
ဒီကနေ့ ဟာကျွန်တော်တို့ သိသည့်အတိုင်းပဲ သူငယ်တော်ယေဇူးအား ယေရုဇလင် ဗိမန်တော်သို အပ်နှံ ပူဇော်သည့်ပွဲနေ့ကြီး ဖြစ် ပါတယ်။ အမိအသင်းတော်ကြီးက သမိုင်းအရ ဒီကနေ့ ပွဲနေ့ဟာ သခင်ယေဇူး မွေးဖွားသည့် ခရစ္စမတ်ပွဲနေ့မှစပြီး ရက်ပေါင်း လေးဆယ် ပြည့်တဲ့နေ့မှာ ကျင်းပလေ့ရှိတာကို တွေ့ရတယ်။ ဒီပွဲနေ့ဟာ အသင်းတော်သမိုင်းမှာ “Candlemas” လို့ခေါ်လေ့ရှိတာကို တွေ့ရတယ်။ အကြောင်းရင်းကတော့ Jesus is the Light of the world – သခင်ယေဇူးဟာ လောကရဲ့ အလင်းဖြစ်တယ်ဆိုတဲ့အချက်ကို ဖော်ပြထားတာဖြစ်တယ်။
တစ်နည်းအားဖြင့်ဆိုလျှင် ယုံကြည်သူဘာသာဝင်အပေါင်းတို့သည် ခရစ်တော်အား လူမျိုးအပေါင်းတို့ကို အလင်းပေးတဲ့ ရောင်ခြည်တော်အဖြစ် လက်ခံကြိုဆိုကြသော ပွဲနေ့မြတ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ မစ္ဆားတရားမစခင်မှာ ဖယောင်းတိုင်ကို ကောင်းကြီးပေးပြီး၊ ကောင်းကြီးပေးထားသော ဖယောင်းတိုင်များကို မီးထွန်းပြီးမှ စီတန်းလှည့်လည်ခြင်းဖြင့် ဘုရားကျောင်းအတွင်း စတင်ဝင်ရောက်လာတာဖြစ်တယ်။
ဒီလို ဖယောင်းတိုင်ထွန်းပြီး ခရစ်တော်ဟာ လောကရဲ့အလင်းဖြစ်တယ်ဆိုတဲ့ အချက်ကို ဖော်ပြတဲ့ ပွဲနေ့ကြီးကို Pope St. John Paul II က “World Day for Consecrated Life” ဆိုပြီး တစ်ကမ္ဘာလုံးမှာ သူတော်စင်များရဲ့ ပွဲနေ့အဖြစ် ၁၉၉၇ ခုနှစ်တွင် စတင်သတ်မှတ်ပေးထားခဲ့ပါတယ်။ ဘာကြောင့်ဒီလိုသတ်မှတ်ထားလဲဆိုရင် သူတော်စင်များဟာ (Bearer of Light) သူများကို အလင်းရောင် ပေးနေတဲ့ဖယောင်းတိုင်ကဲ့သို့ ဖြစ်နေတယ်ဆိုတာကို ပြချင်လို့ ဒီရက်ကို ရွေးချယ်ထားတာဖြစ်တယ်။ တစ်နည်းအားဖြင့်ဆိုရင် သူတော်စင်များ၏ဘဝဟာ မီးထွန်းထားသော ဖယောင်းတိုင်နဲ့ တူတယ်ဆိုတာကို ဖော်ပြချင်လို့ ပဲဖြစ်ပါတယ်။
ဒီကနေ့ ဆရာတော်တို့ ကလေးသာသနာမှာ Catholic Religious Conference of Kalay Diocese (CRCK) ဆိုပြီး ကလေးသာသနာမှာ သူတော်စင်များပွဲနေ့ ကျင်းပနိုင်တာဟာ အင်မတန်မှ ဝမ်းသာဂုဏ်ယူစရာဖြစ်ပါတယ်။ ၂၀၂၆ စာရင်းအရ ကလေးသာသနာမှာ Religious men and women သူတော်စင်ဂိုဏ်းအနေနဲ့ (၉) ခု ရှိပြီး လူဦးရေမှာ (၁၇၀) ဝန်းကျင်ရှိနေတာကို တွေ့ရတော့ ဆရာတော့်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။
ဒီသူတော်စင်များ တက်တက်ကြွကြွလှုပ်ရှားနိုင်မှ သာသနာတော်ကြီးဟာ ပိုမိုစိမ်းလန်းစိုပြေ နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်စင်များ မိမိတို့တစ်ဦးချင်းစီရဲ့ လုပ်ငန်းတာဝန်များကို ပိုမိုပြီးကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ရာ ၂၀၁၈ ခုနှစ် မေလ (၄) ရက်နေ့တုန်းက “Congregation for Institutes of Consecrated Life and Society of Apostolic Life” ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ ဟောပြောပွဲမှာ ပျံလွန်တော်မူသွားတဲ့ ရဟန်းမင်းကြီး ဖရန်စစ် ဟောပြောသွားတဲ့ “Three pillars of Consecrated Life” သူတော်စင်များ၏ ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ မ႑ိဳင္ သုံးခု ဟူသောခေါင်းစဉ်နဲ့ ဟောပြောထားတဲ့အရာကို ထပ်ဆင့်ပြီး ဝေမျှချင်ပါတယ်။
အဲ့ဒီ မ႑ိဳင္သုံးခုကတော့ (3P) လို့အလွယ်တကူ မှတ်ထားလို့ရပါတယ်။ ကျွန်ုပ်တို့ သူတော်စင်ဘဝမှာ လမ်းမပျောက်အောင် ဒီမ႑ိဳင္သုံးခုကို GPS လမ်းပြမြေပုံအဖြစ် အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ အဲ့ဒီ (3P) ကတော့ (Prayer, Poverty and Patience) ဆုတောင်းမေတ္တာ၊ ဆင်းရဲခြင်းနဲ့ စိတ်ရှည်သည်းခံခြင်းတို့ပဲ ဖြစ်ပါတယ်။
ပထမ P – Prayer ကတော့ သူတော်စင်များရဲ့ဆုတောင်းမေတ္တာဟာ ငါ့နောက်သို့လိုက်ကြလော့ ဆိုပြီး ခေါ်တော်မူခဲ့သော ဘုရားရှင်ထံပြန်သွားခြင်း၊ သူနဲ့ အဆက်အသွယ်လုပ်ခြင်းဖြစ်ပါတယ်။ ငါတို့ကို ခေါ်တော်မူခဲ့သော သခင်ယေဇူးနဲ့ အဆက်အသွယ်မလုပ်ဘူးဆိုရင် လမ်းပျောက်မှာ သေချာပါတယ်။ (Mt 19:21-23) မှာ တွေ့ရတဲ့ ကြွယ်ဝချမ်းသာသော လူငယ်လေးတစ်ဦးရဲ့ ပုံဥပမာကို ကြည့်မယ်ဆိုရင် “သင်၌ရှိသည့် ဥစ္စာများကို ရောင်းချပြီးလျှင် ဆင်းရဲသားတို့အား ပေးကမ်းလော့၊ ထို့နောက် ငါ့နောက်သို့ လိုက်လော့ “ဆိုပြီး ကောင်းကင်သုခချမ်းသာ စံစားဖို့ သခင်ယေဇူးက ငါတို့ကို ခေါ်နေတယ်ဆိုတာကို သတိယစေချင်ပါတယ်။
ဘယ်ပုံဘယ်နည်းနဲ့ လိုက်မှာလဲဆိုတာကို ဒီကျမ်းချက်ထဲမှာ အတိအလင်းဖော်ပြထားပါတယ်။ ဆုတောင်းခြင်းအားဖြင့် သူနဲ့ အမြဲတမ်းဆက်သွယ်နိုင်မှ သူ့နောက်ကို လိုက်နိုင်မှာ ဖြစ်ပါတယ်။ သူတော်စင်ဘဝမှာ ဆုတောင်းဖို့အချိန်မရဘူးဆိုတာ လုံးဝလုံးဝ မဖြစ်သင့်တဲ့အရာ ဖြစ်ပါတယ်။
ဒုတိယ P ကတော့ Poverty – ဆင်းရဲခြင်းဖြစ်ပါတယ်။ ဒီဆင်းရဲခြင်းဆိုတဲ့စကားလုံးကို St. Ignatius က ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုထားလဲဆိုတော့ “Poverty as the mother and retaining wall of Consecrated Life” – ဆင်းရဲခြင်းဟာ သူတော်စင်ဘဝရဲ့မိခင်နဲ့ သူတို့ကို ထိန်းသိမ်းကာကွယ်ထားတဲ့ နံရံဖြစ်တယ်လို့ တင်စားထားပါတယ်။
ဆင်းရဲခြင်းနဲ့ ပတ်သက်ပြီးကြည့်မယ်ဆိုရင် နတ်ဆိုးက ကျွန်ုပ်တို့ရဲ့ ပိုက်ဆံအိတ်ကနေ အရင်ဦးဆုံး နှောင့်ယှက်နေတယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘဝမှာ the Spirit of Poverty ဆိုတဲ့ အတွင်းစိတ် ဆင်းရဲခြင်းမရှိဘူးဆိုရင် သူတော်စင်ဘဝမှာ လုံးဝလျှောက်လှမ်းလို့ ရမှာမဟုတ်ဘူး။ ပြီးတော့ ခုဏဖတ်ခဲ့တဲ့ ကျမ်းစာထဲက သင့်မှာရှိတဲ့ ဥစ္စာကို ရောင်းချပြီးမှ ငါ့နောက်သို့ လိုက်ပါဆိုတဲ့အရာဟာ အတွင်းစိတ်ဆင်းရဲခြင်းမပါလျှင် သူတော်စင်ဘဝမှာ လုံးဝဖြစ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီလူငယ်လေးနဲ့ ငါတို့များတူနေပါသလား ဆိုတာစဉ်းစားစေချင်ပါတယ်။
အတွင်းစိတ်ဆင်းရဲဖို့ဆိုတာ ပိုက်ဆံတစ်ခုထဲကိုပြောတာမဟုတ်ဘူး။ ငါတို့ဘဝမှာ ဘာကို တွယ်တာနေတာလဲဆိုတာကို စဉ်းစားဖို့ လိုအပ်ပါတယ်။ Abraham ကတော့ သူတွယ်တာနေတဲ့ Isacc ကို ပူဇော်ဖို့ ပေးလိုက်တယ်။ ငါတို့ရဲ့ Isacc က ဘာလဲဆိုတာကို စဉ်းစားပြီး ပူဇော်နိုင်ဖို့ သူတော်စင်ဘဝမှာ အလိုအပ်ဆုံးဖြစ်နေပါတယ်။
တတိယ P ကတော့ Patience – စိတ်ရှည်သည်းခံခြင်းဖြစ်ပါတယ်။ စိတ်ရှည်သည်းခံခြင်း မရှိဘူးဆိုရင် သူတော်စင်ဘဝမှာ လုံးဝနေလို့ရမှာ မဟုတ်ဘူး။ ကျွန်ုပ်တို့လူသားတွေ ကယ်တင်ခြင်းရဖို့ သခင်ယေဇူးက စိတ်ရှည်သည်းခံခြင်းနည်းလမ်းကို အသုံးပြုတယ်ဆိုတာကို တွေ့ရပါတယ်။ သူတော်စင်ဘဝမှာ စိတ်ရှည်သည်းခံနိုင်မှသာလျှင် သခင်ယေဇူးနောက်ကို ကောင်းမွန်စွာ လိုက်နိုင်မှာ ဖြစ်ပါတယ်။ Abraham က ဘုရားသခင်ရဲ့ ကတိတော်အတိုင်း သားသမီးရဖို့ နှစ်ပေါင်း ၁၀၀ လောက် စိတ်ရှည်စွာစောင့်နေခဲ့တယ်ဆိုတာကို တွေ့ရတယ်။ သူ့ရဲ့ ဇနီး Sarah ကလည်း သူမရဲ့ အသက် (၉၀) ပြည့်နေပေမယ့် ဘုရားသခင်ရဲ့ ကတိတော်ကို စိတ်ရှည်စွာစောင့်မျှော်နေခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပန်းတိုင်ရောက်ဖို့ဆိုတာ စိတ်ရှည်သည်းခံနိုင်ဖို့ လိုအပ်တယ် ဆိုတာကို တွေ့ရတယ်။
ဒါကြောင့် ဆရာတော်ဟောထားတဲ့ Prayer, Poverty and Patience ကို လမ်းပြမြေပုံ GPS အဖြစ် အသုံးပြုပြီး ကျွန်ုပ်တို့ သူတော်စင်တွေရဲ့ ပန်းတိုင်ဖြစ်တဲ့ ထာဝရသုခချမ်းသာ ရရှိနိုင်ဖို့ရန် ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
ဒီ P သုံးလုံးကို လိုက်နာကျင့်ကြံနိုင်မှသာလျှင် ဒီကနေ့ ကြားနာရတဲ့ ဧဝံဂလိတရားတော် (Lk 2: 22-30) ထဲမှာ Simion ကဲ့သို့ ငါသေပျော်ပါပြီ လို့ ပြောနိုင်တဲ့သူများဖြစ်နိုင်အောင် ကြိုးစားပါစို့။



